နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
မင်းဝင့်သူ |
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 16 နာရီ 05 မိနစ် |
မှော်ပညာဝတ်ရုံနက်နဲ့ ဝိညာဉ်မဲ့ ငြိမ်သက် စုတ်ချက်ကြမ်းကြမ်း မုတ်သုန်က ကျိုးကျဲကြယ်စတွေကို လှဲကျင်း မင်းမူလို့နေဆဲ။ စပ်ဖာရာ အထပ်ထပ်နဲ့ မြင့်မြတ်တဲ့ စိတ်ကူးတွေကတော့ ကွဲရှမှန်တချပ်လို အလင်းပြန် မြင်းခွာသံတချောင်းရဲ့ ပေါ့ဆမှုထဲ လဲကျ သိပ်သည်းမွန်းကျပ်လွန်းလှပြီ။ အပွေးမြင်အပင်သိ အနှစ်မရှိတဲ့တော … မြစ်ကောတခုရဲ့ ကမ်းပါးပေါ်က ပဲ့ပြားပင်တို့ ရောင်ချယ်ဆဲ ပြိုးပြက် ရေပွက်တခုလို ခဏတက် ဝက်ဝက်ကွဲ မာန်ဖီနေသော ကာလ။ ဂွာရာနီကာ* ပုံတူတွေထဲ သဲသဲကွဲကွဲ တွေ့လိုက်ရ မျှခြေမျဉ်းမတ်ကိုသာ ထင်းထင်းရေးဆွဲလိုက်ကြပါ စစ်ဟာ အနိဋ္ဌာရုံ ဖြစ်တယ်။ မသိစိတ်ရဲ့ ပုံရိပ်ဆိတ်ငြိမ်ထဲမှာတောင် အမှောင်မိုက်က ခြိမ်းခြောက် တိမ်းမှောက်သွားတဲ့ လွင်ပြင်ကျယ်မှာ အစွယ်ရာအပြည့် မမေ့လိုက်ကြပါနဲ့ (ဒါဟာ) စေ့ထားတဲ့ တံခါးတချပ်မဟုတ်ပါ။ ။ *ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ရဲ့ ဂွာရာနီကာ ပန်းချီကား |
ဖနိဒါ |
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 20 နာရီ 14 မိနစ် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ကြရသူများ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။ ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။ လွတ်မြောက်လာသူများမှ တဦးဖြစ်သူ တောင်ဒဂုံမြို့နယ် လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းကလည်း “ဒီနေ့ ကျနော် ၁၂ နာရီ အိမ်ကို ပြန်ရောက်လာပါတယ်။ ကျနော့်ကို မေးတယ်။ ဒီနေ့ ၃၁ ရက်နေ့ ဘာလုပ်မလဲ။ ဆန္ဒပြဖို့ အစီအစဉ်ရှိလား။ ၈ လေးလုံးနေ့မှာ ဘာလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့မယ်ဆိုရင် ဘာလုပ်မလဲလို့ ဆိုတာတွေ မေးတယ်” ဟု မဇ္ဈိမကို ပြောသည်။ ကိုထိန်ဝင်းအား ယမန်နေ့ ည ၁၂ နာရီခန့်တွင် ကျေးရွာကောင်စီ - ရယက ဥက္ကဋ္ဌ၊ ရာအိမ်မှူးနှင့် အက်စ်ဘီ ဒုရဲအုပ် ကိုအေးသိန်းက မေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်မှ တောင်ဒဂုံရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဒုရဲမှူး ဦးစိုးသိန်းက ကားဖြင့် ဗဟန်းမြို့နယ်ရှိ ပြည်ထဲရေးရုံးသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကာ ၂ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။ ဒေါ်ခင်ဝင်းကြည်သည်လည်း အဆိုပါနေရာ၌ပင် စစ်ဆေး မေးမြန်းခြင်း ခံရကြောင်း ကိုထိန်ဝင်းက ပြောသည်။ စစ်ကြောရေးတွင် မေးမြန်းခဲ့သမျှကို ပြင်ပသို့ ပြန်လည်မပြောရန် ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရသည်ဟုလည်း သူက ပြောသည်။ |
bsponline by The Burma Student's Post © 2009/Create by - Ko Maw
Back to TOP