နို့ဖိုး-အမေရိကခရီးစဉ်



မင်္ဂလာပါ စာရှုပရိသတ်ကြီး ခင်ဗျား။ ဒုက္ခသည်စခန်းထဲက မြန်မာများအနေနဲ့ တတိယနိုင်ငံ ထွက်ခွာရေးဟာ အဓိက မျှော်လင့်ချက် အိပ်မက်တစ်ခုပါပဲ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက် အတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်ထားပါသလဲ။ ဘယ်လို ရင်ဆိုင်မှုတွေ။ စိန်ခေါ်မှုတွေ တွေ့ကြုံနိုင်ပါသလဲ ဆိုတာကိုတော့ ခရေစေ့ တွင်းကျ ဘယ်သူသိနိုင်မှာလဲ။ သိထားတဲ့ အခြေအနေတွေကကော ဘယ်လောက် တိကျခိုင်မာမှု ရှိနိုင်ပါသလဲ။ ဘာတွေက မှန်ပြီး ဘာတွေကတော့ လွဲချော် နိုင်ပါသလဲ။ ဘယ်သူကမှ အတိအကျ မပြောပါဘူး။ ပြောခဲ့ရင်တောင် အသေးစိတ် မဆန်နိုင်ပါဘူး။ ဒီတစ်လတော့ ကိုသံဝေဂအနေနဲ့ အဲဒါလေးကို ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည် အတော်များများ မကြာခင်ကာလ (ဒါမှမဟုတ်) နောင်တချိန်မှာ အဲဒါတွေကို တွေ့ကြုံကြရမှာပါ။ အဲဒီအတွက် ပြင်ဆင်စေချင်တဲ့ ဆန္ဒ။ အကျိုးရှိစေချင်တဲ့ စိတ်စေတနာနဲ့ ဒီတစ်လမှာတော့ ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။

ဇန်န၀ါရီလ (၂၇)ရက်။ ၂၀၀၉ ခုနှစ်

ကိုသံဝေဂ အနေနဲ့ ကမ္ဘာတစ်ခုလုံးက ဒီကနေ့ စိတ်ဝင်စားမှု အခံရဆုံး နိုင်ငံတစ်ခုဖြစ်နေတဲ့ အမေရိကန်နိုင်ငံကို အခြေချနေထိုင်ဖို့အတွက် ဇန်န၀ါရီ (၂၇)ရက်၊၂၀၀၉ ခုနှစ်မှာ အမိန့်စာပဲ ဆိုဆို။ အခွင့်အရေးထူးလို့ပဲ ပြောပြော။ ကံကောင်းခြင်းလို့ပဲ မှတ်မှတ်။ မလွဲ မသွေ သွားရမယ့် စာရင်းထဲ ပါလာပါတယ်။ ဒါနဲ့ပဲ နို့ဖိုးယူနိုက်တက်ကြီးကနေ ထွက်ခွာဖို့ အသင့်ပြင်ဆင် ရပါတော့တယ်။ သိတဲ့အတိုင်း တတိယနိုင်ငံ သွားရမယ်လို့ဆိုတာနဲ့ နို့ဖိုးစခန်းပြင်ပမှာ ရှိနေတဲ့ ကားဂိတ်ကို လာရပါတယ်။ ကိုသံဝေဂ အနေနဲ့ကတော့ အဲဒီနေရာလေးကို မျှော်လင့်ခြင်း ရင်ပြင်လို့ တိတ်တခိုး နာမည် ပေးထားပါတယ်။ ဒီနေရာလေးကို ဆိုက်ရောက်ဖို့အတွက် နှစ်နဲ့ချီ စောင့်ဆိုင်းရတာပါ။ အဲဒီနေရာလေးမှာ အရယ်။ အပြုံး။ အငို။ ပျော်ရွှင်ခြင်း။ ၀မ်းနည်းခြင်း အကုန်လုံးကို တွေ့မြင်ရပါတယ်။ ၀မ်းသာတယ် ဆိုတာကတော့ ဒုက္ခအခက်အခဲတွေက လွန်မြောက်ပြီ ဆိုတဲ့ အသိနဲ့ ၀မ်းသာနေကြသူတွေပေါ့။ ၀မ်းနည်းတာက ဗမာ့ဝန်းကျင်ကနေ စွန့်ခွာရပြီ။ မိတ်ဆွေတွေနဲ့ ခွဲခွာရပြီ။ တချို့ချစ်သူ။ ခင်သူတွေနဲ့ ဘယ်တော့ ပြန်ဆုံမယ်မသိ။ အဲဒီ စိတ်ခံစားမှုတွေနဲ့ပေါ့။ ကဲ။ မနက် ခုနှစ်နာရီခွဲလောက်မှာတော့ လာကြိုတဲ့ IOM ကားကြီး ဆိုက်ရောက်လို့လာပါပြီ။ အိတ်တွေတင်။ လူတွေ စစ်နဲ့ ၀ရုန်းသုန်းကား ကားကြီး ပေါ်တက်ကြရပါတယ်။ ကားစထွက်ပြီး မကြာခင်မှာပဲ တချို့က မနေ့က အစာဟောင်းတွေကို တတိယနိုင်ငံအထိ မသယ်ဆောင်ချင်တဲ့အလား ပြန်ထုတ်ကြပါတယ်။ (အမှန်တော့ ကားမူးတတ်တာပါ။ မူးတတ်ရင်လည်း ဘေးပတ်ဝန်းကျင်က လူတွေ အနှောက်အယှက် မဖြစ်ရအောင် ဆေးကြို သောက်သင့်ပါတယ်။ နိုင်ငံကြီးသား ပီသတဲ့ စိတ် နဲ့ပေါ့။) ထားပါ။ ဒါကလည်း ပင်ကိုယ် အကျင့်ဟောင်းတွေ မဖျောက်နိုင်တဲ့ သဘောဆောင်နေတာကိုး။ ကားက အုန်းဖျန့် ဒုက္ခသည်စခန်း ရောက်မှ ခရီးတထောက်နားပြီး အသင့်ဝယ်ထားတဲ့ အေးစက်စက် ဖွင့်တယ်တယ် အရသာမရှိတဲ့ ထမင်းကြော်နဲ့ ဒုက္ခသည်တွေကို ကျွေးမွေးတယ်။ ပြီးတာနဲ့ မယ်ပ မှာ ရှိနေတဲ့ တတိယနိုင်ငံသွားမယ့် သူတွေ အတွက် အထူးစီမံထားတဲ့နေရာ (အချုပ်ခန်း) ကို ပို့ဆောင်ပါတယ်။ အချုပ်ခန်းလို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းကို မယ်ပ ကို DHS အတွက်နဲ့ ရောက်ရှိဖူးသူတွေ။ ဆေးစစ်အတွက် အခါခါ သွားရဖူးသူတွေ သိမှာပါ။ အဲဒီကို ရောက်တဲ့လူတိုင်းဟာ ခြံစည်းရိုးဝင်းအတွင်းမှာပဲ နေရပါတယ်။ သူတို့ကျွေးတဲ့ အစာကို ကောင်း ကောင်း။ မကောင်းကောင်း စားရပါတယ်။ တတ်နိုင်လို့ ပြင်ပက မိတ်ဆွေတွေကို မှာယူလိုတယ်ဆိုရင်ဖြင့် ဖုန်းဆက်ပြီး ထောင် ၀င်စာ လာတွေ့သလို ခြံစည်းရိုး အတွင်းနဲ့အပြင် စကားပြောရသလို။ လာပို့ ပေးတဲ့ စားစရာကိုလည်း သံဆူးကြိုးကြားက ဖြဲယူရပါတယ်။

ပဟေဠိဆန်သော မယ်ပ အိန်ဂျယ်လ်များနှင့် ဘလက်မားကက် အကျိုးဆောင်လုပ်ငန်း

အဲဒီ မယ်ပ မှာ အဆောင်ကြီး နှစ်ခုရှိပါတယ်။ တစ်ခုကတော့ DHS နဲ့ ဆေးစစ်ဖို့အတွက် ထားရှိတာဖြစ်ပြီး။ နောက်တစ်ခုကတော့ တတိယနိုင်ငံကို ထွက်ခွာတော့မယ့် သူတွေအတွက် သီးသန့်ထားရှိတာပါ။ ဘယ်လိုအတွက်နဲ့ပဲ ရောက်ရောက်။ အဲဒီကို ရောက်တဲ့သူတွေဟာ မယ်ပ အိန်ဂျယ်လ်များနဲ့ ဘလက်မားကက် အကျိုးဆောင်လုပ်ငန်း ဆိုတာကို မသိမဖြစ် သိရပါမယ်။ မြန်မာ့ရုပ်မြင်သံကြား ခေတ်ဦးကို မှီတဲ့သူတွေနဲ့ အခုနောက်ပိုင်း အင်္ဂလိပ်ဗွီဒီယို ဇာတ်လမ်း ကြည့်ဖူးသူတွေ ချားလိစ် အိန်ဂျယ်လ် လို့ခေါ်တဲ့ Charlie’s Angel စုံထောက် ဇာတ်လမ်းရုပ်ရှင်ကို သိကြမှာပါ။ အင်မတန် ချောမောလှပတဲ့ စုံထောက်မလေးသုံးယောက်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာပါ။ ဒါပေမယ့် ကျနော်တို့ ကြုံတွေရမယ့် မယ်ပ အိန်ဂျယ်လ်များကတော့ ခြောက်ယောက် ပါဝင်ဖွဲ့စည်းထားတာပါ။ သူတို့ထဲက တစ်ဦးချင်းစီရဲ့ ဇာတ်ရုပ်ကို ကျနော် အတတ်နိုင်ဆုံး ပုံဖော်ပေးပါ့မယ်။

ပထမဦးဆုံး တစ်ယောက်က အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူပါတယ်။ သူက မျက်လုံးပြူးတယ်။ အရပ်ပုတယ်။ ကိုယ်လုံးကိုယ်ထည် အ၀ဆုံးလို့ ပြောလို့ရတယ်။ သူ့ရဲ့ အထူးခြားဆုံးအချက်ကတော့ ထိုင်းဘာသာစကားကို ရေလည်အောင် ပြောတတ်တဲ့အပြင် အလှအပ ပြင်ဆင်တဲ့နေရာမှာတော့ ခေါင်းကနေ ခြေထောက်အထိ တကိုယ်လုံးကို ရှုပ်ရှက်ခတ်နေအောင် မြင်ပြင်းကပ်ရလောက်အောင် ပြင်ဆင်ထားပြီး။ မြန်မာဘာသာစကားကို မြန်မာတစ်ယောက် နားလည်ရန် ခက်ခဲတဲ့ လေသံ၊ ၀ါကျ တည်ဆောက်မှုနဲ့ ပြောတယ်။ သူ့ရဲ့ ဒုက္ခသည်တွေအပေါ် အဓိကလုပ်ဆောင် ပေးရတာကတော့ မြန်မာလို စကားပြောဆို ရှင်းလင်းပေးရခြင်းပဲ ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ဒုက္ခသည်တစ်ယောက်ရဲ့ မှတ်ချက်ကတော့ “သူ့ကို ကြည့်ရင်း ကြည့်ရင်း သူ့အစား ငါ ရင်လေးမိတယ်” လို့ ဆိုသဗျ။ ဘာ့ကြောင့်လဲ ကျနော်မသိဘူး။ ဒုတိယတစ်ယောက် ကတော့ အရပ်ပုတယ်။ ကိုယ်လုံး ကိုယ်ပေါက် အနေတော် ပါပဲ။ မျက်ခုံး မျက်လုံး ဗွီ (V) ပုံသ္ဂာန် နီးပါးဖြစ်နေမယ်။ စကားပြောရင် အဆိုတော် ဇော်ဝင်းထွဋ်လေသံနဲ့ ပြော ပါတယ်။ ဆံပင်ကိုတော့ Rဇာနည် ပုံဖမ်းထားတယ်။ စကားပြောရင် ကရင်ဘာသာ စကားတမျိုးထဲ ပြောတယ်။ သူ့မျက်နှာမှာ အထင်ရှားဆုံး ကတော့ ပါးနီတွေကို မျောက်တစ်ကောင်ရဲ့ မျက်နှာနဲ့ တူအောင် လိမ်းခြယ်ထားခြင်းပဲ။ တတိယ တစ်ယောက်ကတော့ သူတို့အထဲမှာ အရပ် အရှည်ဆုံးလို့ ပြောလို့ ရပါတယ်။ မျက်နှာသွယ်သွယ်။ မျက်လုံး ၀ိုင်းဝိုင်းလှလှ နှုတ်ခမ်းဖူးဖူးလေးတွေအပြင်။ ကိုယ်လုံးကလည်း ပြောစရာမရှိအောင် အဆင်ပြေပြီး ရုပ်လည်း အချောဆုံးလို့ ပြောရမှာပါပဲ။ ကျနော့်အပြင် ယောက်ျားလေး အတော်များများဟာ သူ့ကို မြင်တာနဲ့ ကြွေးရှင်ကို တွေ့လိုက်ရသလို ဖြစ်သွားပြီး အကြွေးတောင်း ခံလိုက်ရသလို ခဏလောက်တော့ ငိုင်သွားရတာချည်းပါပဲ။ သူ့ရဲ့ အထူးခြားဆုံး အချက်ကတော့ ဘယ်သူ့ကိုမှ ဘာစကားမှ မပြောသလို။ သူ့ရဲ့ အချိန်အတော်များများကို တယ်လီဖုန်းနဲ့သာ ပြောဆို ကုန်ဆုံးစေတတ်တာမျိုးကို တွေ့ရတတ်ပါတယ်။ အဲဒီလို တယ်လီဖုန်းကို နားနဲ့ကပ်ထားတဲ့ တဆက်တည်းမှာပဲ ကျန်လက်တစ်ဖက်က သူ့ရဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်ချောင်းလေးတွေထဲက သန်းဥ ဆွဲသလိုလို။ သန်းကောင်တွေ ဆွဲထုတ် သလိုလိုမျိုးကို လှပ နွဲ့နှောင်းစွာ ပြုလုပ်တတ်သူမျိုးပါ။ စတုတ္ထ တစ်ယောက်ကတော့ ခုနက တတိယတစ်ယောက်နဲ့ အရပ် အမောင်း မတိမ်း မယိမ်းဆိုပေမယ့် ပထမ တစ်ယောက်လောက်လည်း မ၀လွန်းပြန်ဘူး။ သူကတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ၀င်ရောက်လုပ် ကိုင်ပေးတတ်တာမျိုးကို သိပ်မတွေ့ရသလို။ ၀င်လုပ်ကိုင်ပေးတဲ့အခါ မှာလည်း စကားပြောရင် ဂျစ်ကန်ကန်နဲ့။ ဒုက္ခသည်များရဲ့ အရေးကို သူ့ ငွေကြေးနဲ့ တာဝန်ယူ ဖြေရှင်းပေးနေသယောင် ပြောဆိုတတ်ပါတယ်။ သူ့ရဲ့ အထူးခြားဆုံး အချက်က ဘာကိုမှ မယ်မယ်ရရ ၀င်လုပ်ပေးနေတာ မတွေ့ရသလို။ အစားကို အဓိကထား စားသောက်တတ်တာမျိုး တွေ့ရပါတယ်။ ပဉ္စမ တစ်ယောက်ကတော့ အားလုံးထဲမှာ သိပ်မထင်မရှားနဲ့ ဘာမှ မလုပ်ဘူးလို့ ပြောလို့မရသလို။ လုပ်ပါတယ်လို့ ပြောရအောင်ကြ ပြန်တော့လည်း ထူးထူးခြားခြား သတိထားမိဖို့ ခက်ခဲတတ်ပါတယ်။ သူ့ပုံစံကတော့ အသားက ညိုပြာညက်။ ယောက်ျား တစ်ယောက်လို ပြင်ဆင်နေထိုင်တတ်ပြီး စံရွှေမြင့် ဆံပင်ပုံစံနဲ့ပါ။ သူဟာ စကားနည်းပေမယ့် အလုပ်ထဲမှာတော့ အာရုံစိုက်တတ်သူပါ။ သူလုပ်ရမယ့် အလုပ်ကို သေသေချာချာ တိတိကျကျ လုပ်နေတတ်သူလည်း ဖြစ်ပါတယ်။ ဆဌမ တစ်ယောက်ကတော့ ပဉ္စမ တစ်ယောက်ထက် အသားပိုညိုတယ်လို့ ပြောနိုင်သလို။ မိန်းကလေး တစ်ယောက် အနေနဲ့ မည်းတယ်လို့လည်း မှတ်ချက်ချလို့ရပါတယ်။ သူကတော့ အလုပ်တော့ လုပ်ပါရဲ့။ ဘာစကားမှလည်း မပြော။ အပြုံးအရယ်မရှိ။ မျက်လုံး အရောင်တောက်တောက်။ ပြူးပြူးလေးပါ။ အားလုံးထဲမှာတော့ မထင်ပေါ်ဘူးလို့ ပြောနိုင်သလို။ ထူးခြားတဲ့ အသားအရည်ကြောင့် ထင်းနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

သေချာတာကတော့ သူတို့ ခြောက်ယောက်လုံးဟာ ပုံမှန်နီးပါး အသုံးချနေရတဲ့ မြန်မာဘာသာ စကားကို ပြောဆိုနေရတာတောင်မှ အခုထိ မြန်မာတွေ နားလည်ရ ခက်ခဲတဲ့ လေယူလေသိမ်းတွေနဲ့ တခါတခါ ဘာကို ပြောနေမှန်း မသိနိုင်လောက်အောင်ကို ဌာန်ကရိုဏ်း ကျကျ ပြောဆို နေတတ်ပါတယ်။ တကယ်ကို ပဟေဠိ ဆန်သော မယ်ပ အိန်ဂျယ်လ်များ ပါပဲ။ ဘလက်မားကက် အကျိုးဆောင် လုပ်ငန်းကတော့ ကျနော်တို့ ဒုက္ခသည် အားလုံးအတွက် အားထားရာ မရှိမဖြစ်ပါပဲ။ အဲဒီနေရာကို ရောက်ရှိတဲ့သူတိုင်း သူ့ကို မတွေ့တွေ့အောင် ရှာကြသလို။ တစ်ယောက်နဲ့တစ်ယောက် သူ့ကို တွေ့မိသလားဆိုတဲ့ စုံစမ်းခြင်းမျိုးလည်း အပြန်အလှန် သတင်းဖလှယ်ယူကြပါတယ်။ သူ့ရဲ့ အဲဒီစည်းရိုးဝင်း အတွင်း အဓိက အကျိုးဆောင် လုပ်ငန်းကတော့ တယ်လီဖုန်းကဒ် ရောင်းချခြင်းနဲ့ ဆေးလိပ် ရောင်းချခြင်းပါပဲ။ ဘယ်မှ ထွက်ခွင့်မရှိသူတွေအနေနဲ့ ပြင်ပက မိတ်ဆွေတွေကို ဆက်သွယ်ချင်ရင် ဖုန်းဆက်ရတော့မှာပါ။ ဖုန်းထဲမှာ ငွေမရှိရင် ခေါ်လို့မရပါဘူး။ ဒါ့အပြင် နိုင်ငံရပ်ခြားကို ဖုန်းခေါ်ပြီး အခြေအနေ အခက်အခဲတွေနဲ့ ဟွန်ဒီ ဈေးကွက်အကြောင်း ပြောဆိုသူတွေအတွက် သူ့ဆီက ဖုန်းကဒ်ဟာ ပထမလိုအပ်ချက်ထဲမှာ ပါနေပါတယ်။

ဆေးလိပ်သမားတွေအဖို့ကတော့ အဲဒီထဲက ဆိုင်ရှိလျက် အချိန်မှန်မဖွင့်တဲ့ အခါမှာ သူ့ကို အသည်းအသန်လိုက်ရှာရတော့တာပါပဲ။ အင်း။ သူ့ပုံစံကတော့ အသက် (၅၀) ၀န်းကျင်။ အသား ညိုညို။ ကိုယ်လုံးပြည့်ပြည့်နဲ့ အဒေါ်ကြီးပါပဲ။ အပိုစကားတွေ သိပ်မပြောတတ်သလို။ တခါတခါ အဆောင်နှစ်ခုကြား ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း သူနဲ့ပဲ လုပ်ဆောင်ရတတ်ပါတယ်။ ဘယ်လိုပဲ ပြောပြော ပဟေဠိ ဆန်သော မယ်ပ အိန်ဂျယ်လ်များ နဲ့ ဘလက်မားကက် အကျိုးဆောင် လုပ်ငန်းကတော့ အဲဒီ ခြံဝင်းလေးထဲမှာ ကျနော်တို့ ဒုက္ခသည်တွေကို အမှန်တကယ် အကျိုးပြုနေတာကတော့ သေချာပါတယ်။ အဲဒီဝင်းထဲကို ရောက်ရှိချိန်က ညနေစောင်း လေးနာရီ ၀န်းကျင်ပေါ့။ အဲဒီအဆောင်ကို ရောက်တော့ ကြိုသူမဲ့။ အင်ဖော်မေးရှင်းဆိုတဲ့ သတင်း အချက်အလက် ပေးသူမရှိပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်သာရှာ။ ရေချိုးခြင်းအလုပ်ကို လုပ်ရပါတယ်။

ခဏကြာတော့ ဘယ်က ဘယ်လို ပေါက်ချလာတယ်မသိ။ စံရွှေမြင့် ဆိုတဲ့ နတ်မိမယ်က ဆေးသောက်ရမယ်ဆိုတာနဲ့ပဲ ဆေးသောက်ဖို့အပြေးအလွှား သွားတော့ သံချဆေး သုံးလုံးကျ သောက်ကြရတယ်။ နောက်မှ ကိုယ်ယူဆောင်သွားမယ့် ခရီးဆောင် (၂၀ ကီလို အိတ်) တွေကို စစ်ဆေး ချိန်ကြည့်ဖို့အတွက် ပထမတစ်ယောက်ဖြစ်တဲ့ ဒုက္ခသည်များ ရင်လေးရတဲ့ နတ်မိမယ်။ ဒုတိယဖြစ်တဲ့ မျောက်မျက်နှာနဲ့ ဇော်ဝင်းထွဋ်ရယ်။ တတိယ တစ်ယောက်ဖြစ်တဲ့ မြင်သူတကာ ငေးလောက်တဲ့ သန်းဆွဲမလေး နဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ မည်းတယ်လို့ ဆိုနိုင်တဲ့ နတ်မိမယ်လေးတို့ ရောက်ရှိလာကြပြီး သယ်ယူသွားမယ့် ပစ္စည်းများအတွက် စည်းကမ်း ချက်များနဲ့ အစီအစဉ်များကို ကျနော် အစောက ရှင်းပြထားတဲ့အတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ သရုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ စကားအရ အစီအစဉ်ထဲမှာ အမေရိကားသွားမယ့် လူတွေအတွက် ထမင်းစားဖို့ ဒီထဲမှာ စာရင်းမရှိဘူး လို့ ပြောသွားတာလည်း ပါပါတယ်။ သယ်မယ့် အိတ်တွေနဲ့ ပတ်သက်ပြီး စည်းကမ်းချက်ကတော့ ပုံသေတော့ မရှိပါဘူး။

ကီလို (၂၀) အိတ်ကို (၂၂) ကီလို အထိတော့ ခွင့်ပြုချင် ခွင့်ပြုသလို။ အတိအကျလုပ်တာမျိုးလည်း ရှိပါတယ်။ ကံမကောင်းရင် အထဲက ပစ္စည်းတွေကိုပါ လှန်လှောရှာဖွေတာမျိုး ခံရတတ်ပါတယ်။ နောက်ပြီး ကျေးဇူး ကြီးမားတဲ့ IOM ခမျာ လမ်းခရီးမှာ မချမ်းရအောင်ရည်ရွယ်ပြီး အနွေးထည်။ ရှူးဖိနပ်တွေ ထုတ်ပေးတယ်။ အဲဒီအလုပ်တွေ အားလုံးကို မယ်ပရဲ့ ပဟေဠိမလေးများကပဲ လုပ်ဆောင်ပေးသွားတာပါ။ ညခုနှစ်နာရီလောက်မှာတော့ ညစာကျွေးပါတော့တယ်။ ညစာကိုတော့ ပြင်ပက အော်ဒါ မှာယူထားတဲ့အတွက် ထိုင်းအမျိုးသမီးကြီးတွေ ဦးစီးဦးဆောင်ပြီး လာကျွေးတာပါ။ အဲဒီမှာ ကျနော်တို့ အမေရိကားသွားမယ့် သူတွေအနေနဲ့ ဗိုက်ကလည်း ဆာ။ သွားယူစားရင်လည်း အော်ငေါက်ပြန်လွှတ်ခံရမှာ ကြောက်ပြီး ထ မသွားရဲနဲ့ အဝေးကနေ မရဲတရဲ စောင့်ကြည့် နေကြတာပေါ့။ ကျနော်နဲ့ မဒမ်သံဝေဂ ကတော့ နတ်မိမယ်လေးများရဲ့ အထာကို ညက်နေသူများပီပီ။ ငတ်မရှက်တော့ပဲ ထမင်းပန်းကန်ဆွဲပြီး သွားယူတော့တာပါပဲ။ ကျနော်တို့ရောက်သွားချိန်မှာတော့ ထမင်းဝေပေးနေတဲ့ ထိုင်းအမျိုးသမီးတွေက ထမင်း လာယူစားကြဖို့ ဆော်သြတော့မှ ကျန်သူတွေလည်း ၀မ်းသာအားရ အပြေးအလွှားရောက်လာကြရတော့တယ်။ ထမင်းစားပြီးတာနဲ့ အားလုံး အဲဒီ အချုပ်ခန်း (မြန်မာပြည်မှာဆို ထောင်ထဲမှာ အိပ်ကျရတဲ့အတိုင်း တန်းစီပြီး အိပ်ရတော့တာပါပဲ။) ခရီးပန်းလို့လားတော့ မသိဘူး။ အလုံပိတ် အဲဒီအဆောင်ကြီးထဲမှာ ပန်ကာမရှိ အိပ်မောကျ သွားတာပါပဲ။ ကံကောင်းတာက ဖျာ။ အခင်း။ ဆောင်နဲ့ ခေါင်းအုံး တွေ အလျှံအပယ်ပါပဲ။ နေ့စဉ် လျှော်ဖွပ်ခြင်းမှ ကင်းဝေးတဲ့ အဲဒီအသုံးအဆောင်တွေနဲ့ အတူ ပင်ပန်းခြင်းတွေ ရောစပ် အိပ်ကြရတာပေါ့။


ဇန်န၀ါရီလ (၂၈)ရက်။ ၂၀၀၉ ခုနှစ်

နောက်တနေ့ မနက်မှာတော့ ခပ်စောစောထပေမယ့် ထင်တာထက် နောက်ကျမှ ရောက်လာတဲ့ မနက်စာ ထမင်းကြော်ကို စားသောက်ရပါတယ်။။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်အရေးကြီးတဲ့ I-94 ကဒ်။ အကောက်ခွန်က ခွင့်ပြုခြင်းမရှိတဲ့ ပစ္စည်းတွေကို မသယ်ပါဘူးဆိုတဲ့ အကြောင်း လက်မှတ်ထိုးတဲ့ စာရွက်နဲ့အတူ တချို့ ဆေးစစ်ကဒ်တွေကို IOM အိတ်ကြီးနဲ့ ထုတ်ပေးပါတယ်။ ဖွင့်ကြည့်ခွင့် မရှိပါဘူး။ ဒါ့အပြင် လမ်းခရီးမှာ ၀ယ်စားဖို့အတွက် ကူပွန်လက်မှတ် တစ်ယောက် တစ်စောင်စီကို ပထမနတ်မိမယ်လေးက ထုတ်ပေးပါတယ်။ ပြီးတာနဲ့ ကိုယ့်အထုပ် ကိုယ်သယ်ပြီး ဘန်ကောက်ကို ထွက်ခွာမယ့် မှန်လုံအအေးခန်း ကားကြီးပေါ်တက်ပြီး မနက် ရှစ်နာရီခွဲလောက်မှာ ထွက်ခွာရပါပြီ။ ကားမထွက်ခွာမီ ပထမနတ်မိမယ်လေးက ကားပေါ်ကို အပြေးအလွှား တက်လာပြီး အားလုံးကို မှာလိုက်ပုံက “အားလုံး ဘန်ကောက်ကို ကောင်းကောင်းမွန်မွန် သွားကြနော်” တဲ့။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာဆိုဘာမှ သိခွင့်မရှိပါဘူး။ ဥပမာ ဘန်ကောက်ရောက်ပြီးရင် ဘယ်အချိန်မှာ လေယာဉ်ပေါ်တက်ရမယ်။ လေကြောင်းခရီးစဉ်က ဘယ်လို။ အစရှိသဖြင့်ပေါ့။ လမ်းခရီး တ၀က်က ဆိုင်တစ်ဆိုင်မှာ နာရီဝက် နားရပါတယ်။

အဲဒီဆိုင်မှာပဲ ပါလာတဲ့ ကူပွန် လက်မှတ်နဲ့ အားကိုးတကြီး ၀ယ်စားတော့ ဆိုင်ရှင်ရဲ့ ရင်းနှီးဖော်ရွှေမှုကို ၀မ်းနည်းစွာ တွေ့ကြုံရတာက ထည့်ပေးတာကိုပဲ ယူခွင့်ရှိပါတယ်။ ကိုသံဝေဂဆိုရင် ထမင်းဖြူအပေါ်မှာ မကျက်တကျက်ကြော် ထားတဲ့ ကြက်ဥလေးတစ်လုံးနဲ့ ပန်းကန်ကို ဘာမှမပြောနိုင်ပဲ ယူလာထိုင်ပြီး ခြောက်ကပ်ကပ်မျိုချရတာ အဆင်မပြေလို့ ပါလာတဲ့ ငွေနဲ့ စားချင်တာ ၀ယ်ပြန်တော့လည်း တင်းမာလွန်းတဲ့ ဆိုင်က အရောင်းစာရေးတွေရဲ့ မျက်နှာထားက ပြောင်းလဲမသွားပါဘူး။ ( Customer is always right ဆိုတဲ့ စကားက ဒီနေရာမှာ လုံးဝ မှားပါတယ်။)

အရာရာမှာ ငွေသာလျှင် အဓိက ဆိုတာလည်း အလုပ်မဖြစ်ပါဘူး။ အော်။ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်။ ရောက်ရန် အမေရိကားပေါ့ဗျား။ ဒီလိုနဲ့ပဲ ဘန်ကောက် ခရီးစဉ်ကို ပြန်လည် အသက်သွင်းတယ်။ ဘန်ကောက်မြို့အ၀င်မှာ သတိတရ နာရီကိုကြည့်မိတော့ ညနေ ငါးနာရီလောက်ပေါ့။ ကံကောင်းခြင်းလား။ ကံဆိုးခြင်းလားတော့ မပြောတတ်ဘူး။ ကိုသံဝေဂတို့ကို ဟိုတယ်မှာ တစိည အိပ်ရမယ်လို့ ထိုင်းစကား မတောက်တခေါက်လေးနဲ့ နားလည်လိုက်တော့ တယ်ဟုတ်ပါလားပေါ့။ သို့သော်လည်း အဲဒီ Miracle Hometel (Suvarnabhumi) ဟော်တယ်ရှိရာကို ကားသမားက မသိရှာပါဘူး။ ဒီလိုနဲ့ ကားကို ရပ်လိုက်။ တွေ့တဲ့သူကို မေးလိုက်။ တော်နေကြာရင်း ရပ်ပြန်ပြီး မေးရပြန်တာနဲ့ တကယ်တမ်းဟိုတယ် ရောက်ချိန်က ည ရှစ်နာရီခွဲကျော် ကိုးနာရီ ဖြစ်နေပါပြီ။ အစီအစဉ်ကို အသေးစိတ်တိတိကျကျ ပြင်ဆင်ထားတဲ့ IOMကို အထူးကျေးဇူးတင်ပါသည် ခင်ဗျား။ ဒီလိုနဲ့ ရောက်ရောက်ချင်း ဟော်တယ်က ခပ်သုတ်သုတ် အသင့်ပြင်ဆင်ထားတဲ့ ထမင်းစားခန်းမှာ အဆင့်မြင့် စားပွဲဝိုင်းနဲ့ ပြင်ဆင်ပေးထားတဲ့ ထမင်းကြော်နဲ့ တည်ခင်းဧည့်ခံပြီး နောက်ထပ် ဆေးမှတ်တမ်းစာရွက်တွေကို ပိတ်ထားတဲ့ အိတ်ကြီးတွေနဲ့ ထုတ်ပေးပါတယ်။ လုံးဝ ဖွင့်ကြည့်ခွင့် မရှိပါဘူးတဲ့။ ပြီးတာနဲ့ ကိုယ့်အခန်း ကိုယ်ပြန် ရေမိုးချိုးပြီး ပင်ပန်းလာသမျှ 3 stars အဆင့်လောက်ရှိတဲ့ အခန်းတွေမှာ စည်းစိမ်အပြည့်နဲ့ အိပ်ခွင့်ရပါတယ်။ ကျနော့်မှာတော့ အေးအေးဆေးဆေး မအိပ်နိုင်ပါဘူး။ သိတဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက် တံခါးလာခေါက်ပြီး မေးခွန်းတွေကို ဒိုင်ခံဖြေပေးနေရပါတယ်။ သူတို့ မေးတာတွေက အခန်းထဲက တယ်လီဖုန်းကို ဘယ်လိုသုံးရမယ်။ ရေပူ ရေအေး သုံးတဲ့ ရေချိုးခန်းထဲမှာ ရေပန်း အလုပ်မလုပ်ဘူး။ ဆေးလိပ်သမား တချို့က ဆေးလိပ်သောက်ချင်လို့ မီးခြစ်လာငှားတာတို့။ အခန်းထဲမှာ သောက်လို့ မရတာ သူတို့ သေချာ မသိပြန်ဘူး။ ထားလိုက်ပါ။ သေချာတာက နောက်တနေ့ မနက် ငါးနာရီ မှာ လာနှိုးမှာမို့ စောစောအိပ်ဖို့ ပြင်ရပါတယ်။ အဲဒီအထိလည်း မနက် လေယာဉ်ချိန်ကို သိခွင့်မရပါဘူး။

ဇန်န၀ါရီလ (၂၉)ရက်။ ၂၀၀၉ ခုနှစ်

နောက်တနေ့ မနက် လေးနာရီမှာ အခန်းတံခါး လာခေါက်ပြီး ၀ရုန်းသုန်းကား သွားရမယ်လို့ နှိုးတော့မှ ပြဿနာတွေ့ရပါတယ်။ ပြောတုန်းကတော့ ငါးနာရီ။ လာခေါ်တော့ လေးနာရီဆိုတော့ ကြိုတင်ပြင်ဆင်မှုရှိတဲ့ ကိုသံဝေဂတောင် ရေချိုးတဲ့ ကိစ္စကို အမြန် အဆုံးသတ်ရပါတယ်။ ကားပေါ် ရောက်တယ်ဆိုရင်ပဲ ကလေးရှိတဲ့ မိသားစု တစ်ခုဆီက ကြားရတာက ညက အခန်းက ပူတော့ ကလေးက မအိပ်ပဲ ဒုက္ခပေးသတဲ့။ ဒါနဲ့ ကိုသံဝေဂ ဇနီးသည်က လေအေးစက် မဖွင့်ဘူးလားဆိုတော့ စောင်မရှိလို့ မဖွင့်ဘူး ဆိုတော့မှ။ ဟိုက်ရှားဘား - အိပ်ယာပေါ်မှာ အသင့်ခင်းထားတဲ့ စောင်ကို ဆွဲမယူခြုံရတာလေ ဆိုတော့ သိမှ မသိဘဲတဲ့။ ဒါဆိုရင်တော့ သည့်ထက်ဆိုးတဲ့ လူတွေရှိနေနိုင်တာပဲ ဆိုတာကို ခန့်မှန်းလို့ ရလိုက်ပြီ။ ဟော။ လေဆိပ်ကို ရောက်ပါပြီ။ သို့ပေမယ့် လေယာဉ်လက်မှတ် ကိုင်ဆောင်ထားတဲ့ ကျေးဇူးရှင် IOM ၀န်ထမ်းတွေက ရောက်မလာသေးပါဘူး။ ရောက်လာပြန် တော့လည်း အလောသုံးဆယ်နဲ့ လူဝင်မှုကြီးကြပ်ရေးကို ခေါ်ဆောင်သွားပါတယ်။ အဲဒီမှာ တန်းစီပြီး အစစ်ဆေးခံ ရခါနီးမှ စာရွက်စာတမ်းမှာ ထွက်ခွာခွင့်အတွက် အဆင့်ဆင့် လုပ်ဆောင်ရမှာတွေ သူတို့ အဆင်သင့်မဖြစ်သေးတာ တွေ့ရပါတယ်။ ဒါနဲ့ပဲ အဲဒါ လုပ်ဖို့ သူတို့တွေ အပြေးအလွှား လုပ်ဆောင်တော့ စိတ်မရှည်နိုင်တဲ့ ကရင်မိသားစုထဲက ကလေးငယ်က IOM ကို ဆန္ဒပြပါ တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းပေါ့။ သူ့မိဘကလည်း အပြည့်အ၀ ထောက်ခံသဗျ။ ဘာလုပ်သလဲ သိလား။ ဟဲ ဟဲ။ လူဝင်မှု ကြီးကြပ်ရေးရှေ့မှာ တန်းစီနေရင်းက မစင်စွန့်ချင်ပါသတဲ့။ ဖခင်ဖြစ်သူကလည်း လူ့အခွင့်အရေးကို အပြည့်အ၀ ထောက်ခံသူ ပီပီ ကလေးရဲ့ ဘောင်းဘီကိုချွတ် ကြမ်းပေါ်မှာခင်း ထိုင်စေပြီး ခရီးစဉ်တလျှောက် မကျေမနပ်ဆက်ဆံခံရတဲ့။ မ၀ရေစာ ကျွေးထားတဲ့ အရာအားလုံး နီးပါးကို အ၀ါရောင် ကင်ပိန်းထုပါတော့တယ်။ IOM ၀န်ထမ်းရောက်လာတော့ မျက်လုံးမျက်ဆန်ပြူးလို့။ ဖခင်ဖြစ်သူကို ဘာလို့ Diapers ၀တ်မပေးထားသလဲ ဆိုတော့ ဖခင်ဖြစ်သူကလည်း တုံဏှိဘာဝေ ဘာမှ ပြန်မပြောဘဲ အသံတိတ် သပိတ် မှောက်လိုက်တယ်။ ဒါနဲ့ ကိုသံဝေဂလည်း ကိုမွန်းအောင် သီဆိုထားတဲ့ သီချင်းလေးကို အမှတ်တရ ရေရွတ်မိလိုက်ပုံကတော့ “လူတိုင်း လူတိုင်း လူ့အခွင့်အရေးရှိရမယ်။ လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်” ပေါ့ဗျာ။ ဟားဟား။ အမှန်ကတော့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာအတွက် ကျနော်တို့အားလုံး အသိပညာ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတတွေ သင်ကြား တတ်မြောက်ထားနိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ဖို့လိုအပ်နေပြီဆိုတာကို ပြသလိုက်ခြင်းပါပဲ။ ကဲ။ အားလုံးစစ်ဆေးပြီးပြီ။ စစ်ဆေးတာမှ ၀တ်ထားတဲ့ အနွေးထည်တွေ ချွတ်။ ဖိနပ်တွေ ချွတ်ပြီး လုံခြုံရေးစက်အထဲက ဖြတ်ရတယ်လေ။ လေယာဉ်ကြီးပေါ် ရောက်ပြီ။ ဂျပန်အဲယားလိုင်းပါတဲ့ဗျာ။ ကောင်းလိုက်တဲ့ လေယာဉ်။ လေယာဉ်မယ်တွေရဲ့ အပြုံးလေးတွေက ဒုက္ခသည်ရော။ သာမန်လုပ်ငန်းရှင်ရော မခွဲခြားပါဘူး။

အားလုံးကို အတူတူဆက်ဆံပါတယ်။ အော်။ အာရှရဲ့ထိပ်တန်းနိုင်ငံတစ်ခု က လေကြောင်း လိုင်းပါပေပဲ။ မနက် ရှစ်နာရီ ဆယ့်ငါးမိနစ်မှာ သူ့ရဲ့ပျံသန်းမှုကို စ တင်ပါတယ်။သူတို့က မခွဲခြားပေမယ့် ကျနော်တို့ ဒုက္ခသည် တွေထဲမှာ ကွာခြားချက်က အလွန်ကြီးမားနေပြန်ရော။ အဲဒါကို အပြစ်တင်ရရင်တော့ IOM ကပို့ချတဲ့ ကာလ်ချာ အိုရီရင် တေးရှင်း ဆိုတဲ့ CO သင်တန်းကြီးရဲ့ အားနည်းချက်တွေပေါ့။ လေယာဉ်က ကျွေးတဲ့ အစားအသောက်တွေကို စည်းကမ်းမရှိ စားကြ။ သောက်ကြတယ်။ အမှိုက်တွေကို ကြမ်းပေါ် အလွယ်တကူ ပစ်ကြတယ်။ စောစောက အ၀ါရောင် ကင်ပိန်းကလည်း Diapers ကို အိမ်သာမှာ မပစ်ဘဲ လေယာဉ် ကြမ်းပြင်ပေါ် ပစ်ပြီးထားတယ်။ သူတို့ ဘာကို အလိုမကျဖြစ်ရတာလဲ။ ဒါမှမဟုတ် တကယ်ပဲ မသိတာလား။ ကျနော်ထင်တာကတော့ IOM က ဒုက္ခသည်တွေကို သီးသန့် အစားအစာ လေယာဉ်ပေါ်မှာ သာမန် ခရီးသည်တွေနဲ့မတူဘဲ စီစဉ်ထားတာကို သူတို့အနေနဲ့ သိပ်ကျေနပ်ပုံမရဘူး။ ခွဲခြားဆက်ဆံခံရတယ်လို့ သူတို့ ခံစားရပုံ ရလို့ ဒီလိုလုပ်တယ်လို့ထင်တယ်။ ဒါနဲ့ပဲ လေယာဉ်ကြီးက ဂျပန် နိုင်ငံ တိုကျိုမြို့လေဆိပ်ကို ညနေ လေးနာရီခွဲ လောက်မှာ ဆိုက်ရောက်တယ်။ လေယာဉ်ပေါ်ကနေ လေဆိပ်အဆောက်အဦးဆီကို မှန်လုံကားနဲ့ သွားရပါတယ်။ အားပါးပါး။ ဂျပန်ရဲ့ အအေးက အသည်းထဲ စိမ့်လို့။ အဲဒီမှာIOM က ပုဂ္ဂိုလ်က လာကြိုပါတယ်။ ပြီးတာနဲ့ သူတို့ရဲ့ လေဆိပ်ထဲဝင်ပြီး လူတစ်ဦးချင်းစီရဲ့ နာမည်တွေကို စစ်ဆေးဖို့ အင်္ဂလိပ် စကားပြောတတ်တဲ့သူရှိလားဆိုတော့ တချို့က မြန်မာပြည်မှာ ငါးတန်းကမှ စတင်သင်ကြားခွင့်ရခဲ့ တဲ့ ကိုသံဝေဂကို ရှေ့အတင်းတွန်းရင်း ခေါင်းဆောင် တင်ကြတယ်။ ကိုသံဝေဂလည်း တို့မြန်မာလူမျိုးတွေ ဂုဏ်မငယ်ရအောင်ဆိုတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ တတ်သလောက်။ မှတ်သလောက် A to Z စကားလုံးတွေကို အနောက်တိုင်း လေသံနှောပြီးပြောလိုက် တော့ သူက အံ့သြတဲ့ အကြည့်နဲ Very good, Very good လို့ မပီ မသ နဲ့ ပြုံးပြီး ပြောဆိုပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ နာမည်တွေကို အတိုကောက်မှတ်ထားတဲ့ စာရွက် စတစ်ကာလေးတွေနဲ့ ရင်ဘတ်မှာ လာကပ်ပေးတယ်။ အဲဒီ တိုကျိုလေဆိပ် မှာ တစ်နာရီကျော်ကြာ ထိုင်စောင့်ရပါတယ်။ ထိုင်စောင့်နေရတဲ့ ကာလအချိန်က ညနေစာအတွက် အားလုံးဗိုက်ဆာနေတဲ့ အချိန်ပေါ့။ အပို နိုင်ငံခြားငွေ ဆောင်လာသူတွေက ၀ယ်စားချင်တော့ ကိုသံဝေဂလည်း မြန်မာနိုင်ငံက ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွေ ရှေ့မှာ ချိတ်ဆွဲထားတဲ့ ကူညီပါရစေ ဆိုတဲ့ ဆိုင်းဘုတ်ကို ရင်ဘတ်မှာ ချိတ်ဆွဲခံရသူ ပီပီ မေးစမ်းကြည့်တော့ ဂျပန်ငွေ ပါသလားတဲ့။ ပါခဲ့ရင်တော့ ဆယ့်ငါး မိနစ်လောက် ဝေးတဲ့နေရာမှာ သွားဝယ်ရမယ်လို့ဆိုသဗျ။ အဲဒါမလွယ်ပြန်တော့ ဆေးလိပ်သမားတွေက ဆေးလိပ်သောက်ချင်လာတာနဲ့ မနေ နိုင်။ မထိုင်နိုင် လောကွတ်ချော်တဲ့ ကိုသံဝေဂဟာ အခွန်လွတ်ဆိုင်မှာ ဆေးလိပ် ၀ယ်လို့ ရမလား မေးပြန်တော့။ အင်း အဲဒါလည်း အတော်သွား ယူရမယ်ဆိုတာနဲ့ လက်လျော့ပြီး မဒမ် သံဝေဂကို နို့ဖိုး ယူနိုက်တက်က တင်သွင်းလာတဲ့ Wonder အနီရောင် နှစ်တောင့် အကြောင်း စကားစပ်မိပြီး ဘယ်မှာသိမ်းထားသလဲ မေးတော့မှ တတိယနိုင်ငံ အခြေချရေး အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရက်အကန့်အသတ်မရှိ (လာရောက် အကြောင်းကြားပေးခြင်းလဲ မရှိဘဲ) ရွှေ့ဆိုင်းခြင်းခံရလို့ သူ့အနေ နဲ့ ရက်လွန်ဆေးလိပ်တွေ သောက်မိပြီး ကျန်းမာရေးထိခိုက်မှာစိုးလို့ နို့ဖိုးယူနိုက်တက်မှာတင် အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ ဆိုတော့မှ ကိုသံဝေဂလည်း ကိုယ့် နဖူးကိုယ် ရိုက်ရပါတော့တယ်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော်လည်း အတွေးအခေါ်ကို အလွန်အမင်း ကောင်းစေပါသည်ဆိုတာကို သူမ မသိရှာလေခြင်းပဲ။ သြော် ဒေါသ ထွက်ပေမယ့်လည်း လွန်သွားတဲ့ မှတ်တိုင်ကို လမ်းပြန်လျှောက်လို့လည်းမရ။ ဒီလိုနဲ့ အတူပါလာတဲ့ သူက ကျနော့်မှာ သူများမှာလို့ ၀ယ်ထားတာ ပါလာတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျနော်လည်း သောက်ချင်တယ် ဆိုတာနဲ့ နီးစပ်ရာ ဆေးလိပ် သောက်သုံးသူများအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ အခန်းကို ဦးဆောင်ခေါ်သွားပြီး မီးခိုးထောင်းထောင်း ထနေတဲ့ ဆေးလိပ်ငွေ့တွေနဲ့အတူ တတ်သမျှ၊ မှတ်သမျှ နိုင်ငံရပ်ခြားက ဆေးလိပ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ပြောပြ။ ရှင်းပြရင်း အချိန်ကုန်စေခဲ့ပါတယ်။ ပြန်ထွက်လာပြီး နားနေရာ ရောက်တဲ့အချိန်မှာတော့ အားပါးပါး။ ကလေးရှိတဲ့ မိသားစုတွေက ကလေးငယ်တွေ နာရီတာ လေဆိပ်ကို ကစားကွင်းလုပ်ပြီး ပျော်ပွဲစား လုပ်ထားကြပုံက ပထမလေယာဉ်ပေါ်က မကုန်လို့ သိမ်းဆည်းထားတဲ့ အစားအစာ တွေ ထုတ်ယူစားသောက်ရင်း ကြမ်းပြင်ပေါ် စွန့်ပစ်ထားကြတယ်။

ဒါကို စောင့်ကြည့် နေရှာတဲ့ ဂျပန်ကြီးရဲ့ မျက်နှာမှာ မချိတင် ကဲ ဟန်ဆောင်ပြုံးနေပုံက သိသာထင်ရှားလွန်းနေပြန်တော့ ကျနော်လည်း လူတတ်ကြီး လုပ်ပြီး မိဘတွေကို မေတ္တာရပ်ခံ ရတော့တယ်။ နောက်မှ သိရတာက သူက IOM အဓိက လူ မဟုတ်ပါဘူး။ တကယ်တမ်း ကျနော်တို့ကို ဂျပန်နိုင်ငံကိုယ်စား လာတဲ့ သူက Yumiko လို့ခေါ်တဲ့ ချစ်စရာ ဂျပန်မလေး တစ်ယောက် ရောက်လာပြီး ဂျပန်လေသံနှောတဲ့ အင်္ဂလိပ်စကားနဲ့ လိုအပ်တဲ့ ညွှန်ကြားမှုတွေ ပြုလုပ်တာကို ခံရပြီး။ လူဝင်မှုကြီးကြပ်ရေးမှာ အစစ်ဆေးခံဖို့ ဦးဆောင်သွားပြန်ပါတယ်။ အဲဒီမှာ လည်းဝတ်ထားတဲ့ အနွေးထည်တွေချွတ်။ ဖိနပ်တွေချွတ်ပြီး လုံခြုံရေးစက် တွေထဲ ဖြတ်ပြီး အစစ်ဆေးခံရပြန်ပါရော။ ပြီးတော့မှ အမေရိကန် အဲလိုင်း လို့ ခေါ်တဲ့ လေယာဉ်ကြီးပေါ်ကို ညနေစောင်း ခြောက်နာရီ ဆယ်မိနစ်မှာ တက်ရောက်ရပြန်ပါတယ်။ အဲဒီတော့မှ သိရတာက ကျနော်တို့ကို နယူးယောက်က John F Kennedy လေဆိပ်ကို သယ်ဆောင်မယ်လို့ သိရတယ်။ လေယာဉ်ပေါ် ရောက်ရောက်ချင်းမှာပဲ လေယာဉ်မယ် Yumiko ရဲ့ ကျေးဇူးကြောင့် ကိုသံဝေဂကို ခေါ်ပြီး သူပြောချင်တာတွေကို မြန်မာမှုပြုပေးဖို့ မေတ္တာရပ်ခံပြီး အန်တတ်သူတွေအတွက် အိတ်တွေ စီစဉ်ပေးပါတယ်။ အဲဒီအိတ်တွေ ကို စုထည့်ဖို့လည်း ပလပ်စတစ်အိတ်တွေ ထုတ်ပေးပါသေးတယ်။ ဒါတွေကို ပြုလုပ်ပေး ရင်း အားလုံးကို နေရာတကျ ချထားပေးနေချိန်မှာပဲ အခြားလေယာဉ်မယ်တစ်ဦးက အလန့်တကြား Yumiko ကို လှမ်းပြောပြီး ကိုသံဝေဂ ကို ခေါ်ယူပါတယ်။ ကျနော်လည်း သူဘာကြောင့်များ ဒီလောက်အထိ တုန်လှုပ်ရပါသလဲပေါ့။ နောက်မှ သိရတာက အ၀ါရောင်ကင်ပိန်းကို ဦးဆောင်သူနဲ့ ထောက်ခံသူ ဖခင်တို့ဟာ လေယာဉ်ရဲ့ အိမ်သာထဲကို ရောက်နေတာ အတော်ကြာနေပြီ ဖြစ်တဲ့အကြောင်းနဲ့ အဲဒီတံခါးကို ဖွင့်ပြီး သူတို့ ဘာတွေလုပ်ပြီး ဘာဖြစ်နေတယ် ဆိုတဲ့ အကြောင်း အထူးစုံစမ်းထောက်လှမ်းဖို့ အကူအညီ တောင်းတော့ ကျနော်လည်း ခရီးပန်း နေတဲ့ကြားက ကျနော့်ကို ပညာသင်ပေးခဲ့တဲ့ မိဘ။ ဆရာတွေကို စိတ်ပဲဆိုးရ မလိုလိုဖြစ်သွားရပါတယ်။ ဟုတ်တယ်လေ။ ကျနော် သိထားတဲ့ ဘရင်ဂျီဘာသာစကားက ဒီနေရာမှာ အလွန်မတန် စိတ်ပျက် ချင်စရာကောင်းနေပြီ။ ဒါနဲ့ပဲ စေတနာ့ဝန်ထမ်းစိတ် အပြည့်ထားပြီး တံခါးကို အသာအယာဖွင့်။ ခင်ဗျားတို့ အကြာကြီး ဘာလုပ်နေတာလဲ။ ဒီမှာ သူတို့ စိတ်အရမ်းပူနေတယ် ဆိုတော့မှ သူ့ကလေးက အိမ်သာအိုးပေါ်မှာ မိန့်မိန့်ကြီးထိုင်ပြီး ကိစ္စ၀ိစ္စတွေ ပြီးပြတ်အောင် စီစဉ်နေလေရဲ့။

လေကြောင်းလိုင်းတွေမှာ ကလေးတွေရဲ့ ကိစ္စကို Diapers နဲ့သာ အသုံးပြုဖို့ စီစဉ်ပေး ထားတာကြောင့် ဖခင်ဖြစ်သူကို အဲဒီ Diapers ဟာ သီးခြား အမှိုက်ပုံးထဲ ပစ်ရမှာမို့ အိမ်သာအိုးထဲက ပြန်နှိုက်ယူဖို့ ဆိုပြန် တော့ ကလေးဟာDiapers အသုံးပြုထားတာ မဟုတ်ဘဲ အိမ်သာကို လူကြီးများနည်းတူ တက်ထားကြောင်း ကိုသံဝေဂ ကိုယ်တိုင် Inspection ၀င်ရောက်စစ်ဆေးပြီး အတည်ပြုချက် ရယူပြီးမှ ရေသေချာလောင်းဖို့ကို ညွှန်ကြားရတော့တယ်။ Yumiko ခမျာ ပြဿနာတွေ ပြေလည်သွားတော့မှ ကိုသံဝေဂကို ကျေးဇူးအထူးတင်ကြောင်း ခါးကို ၉၀ ဒီဂရီ အခါခါ ညွတ်ရင်း ပြောပြီး လေယာဉ်ပေါ်က အောင်မြင်စွာ ဆုတ်ခွာသွားပါတော့ တယ်။ ဟူး - နောက်ထပ် ဘာတွေ ထပ်ဖြစ်ဦးမှာလဲ။

ခရီးပန်း၊ လူပန်း၊ စိတ်လည်း နွမ်းလှပြီ။ တတိယနိုင်ငံအခြေချနေထိုင်ရေး မှာ ကျနော် သံဝေဂ မရချင်ဘူးဗျာ။ အခုလည်း နယူးယောက် အထိနာရီပေါင်းများစွာ လေယာဉ်ကြီးပေါ်မှာ အညောင်းခံရဦးမယ်။ စိတ်ထဲကလည်း IOMကို ဒေါသအတော်ထွက်မိတယ်။ သင်တန်း ဘယ်လိုများပေးပြီး ဘာ့အတွက် အောင်လက်မှတ်တွေ အလွယ်တကူ ထုတ်ပေးလိုက်သလဲ ဆိုတာကို နားမလည်နိုင်တော့ဘူး။ ငွေသာကုန် မောင်ပုံ စောင်းမတတ်ပြီ ဆိုတာတော့ သွေးထွက်အောင် မှန်နေပြီလေ။ တခုတော့ ဖြည့်ပြီး နားလည်ပေးလိုက်တာက ပထမတော့ အ၀ါရောင်ကင်ပိန်းဟာ ပရမ်းပတာ ဆန်လွန်းတယ်။ ဒုတိယတော့ အခံတော့သုံးပါရဲ့။ ကြမ်းပေါ် ပစ်ချတယ်။ နည်းနည်းတော့ တိုးတက်တဲ့ သဘောမှာရှိတယ်။ အခုတော့ အခံသုံးပြီး အလုပ်ရှုပ် မခံတော့ဘူး။ အိမ်သာထဲ တိုက်ရိုက် စွန့်တယ်လေ။ တဖြည်းဖြည်း လက်တွေ့ကွင်းဆင်းရင်း အတွေ့အကြုံက သူတို့ကို သင်ပေးသွားနေပြီပေါ့ဗျာ။ အဲဒီလိုနဲ့ ညနေစောင်း ခြောက်နာရီခွဲလောက်မှာ လေယာဉ်ကြီးဟာ နယူးယောက်ကို စတင်ပျံသန်းပါတော့တယ်။ ဒီတခါ ပျံသန်းချိန်ကတော့ ပက်ပက်စက်စက် ကြာတယ်ဗျာ။ စဉ်းစားကြည့်လေ။ နယူးယောက်လေဆိပ်ကိုရောက်တာ နောက်တနေ့ ညနေ ငါးနာရီငါးဆယ် မိနစ်တဲ့။ အဲဒီမှာ တခုထူးခြားတာက ကျနော်တို့ လေယာဉ်ပေါ်မှာ တစ်ရက်တာကြာသွားပေမယ့် အဲဒီရက်ကတော့ ကျနော်တို့ ဖြတ်သန်းခဲ့ရတာကို တရားဝင် အသိအမှတ်ပြု မခံရဘူး။ နယူးယောက်ကို ရောက်ရှိတဲ့ နေ့ဟာလည်း ဇန်န၀ါရီလ (၂၉)ရက် ၂၀၀၉ ခုနှစ် ဖြစ်နေပြန်တယ်။

အရှေ့ကမ္ဘာခြမ်းကနေ အနောက်ကမ္ဘာခြမ်း ကူးသွားတဲ့ အချိန်မှာ အရှေ့သားတွေရဲ့ နေကို အရင်မြင်ရပြီး ခေတ်နောက်ကျ ကျန်နေခဲ့ခြင်းကို အနောက်သားတွေက ခေတ်ရှေ့ရောက် နေသူတွေဖြစ်လို့ ကျနော်တို့ဖြတ်ခဲ့ရတဲ့ တစ်ရက်ကို သူတို့နဲ့ အတူတူ ဖြစ်အောင် ညှိယူ လိုက်သလို ခံစားရတယ်။ ထားလိုက် ပါတော့။ သူတို့ရဲ့ လေယာဉ် အဆင်း အတက် ညင်သာ ညက်ညောမှုကို ကျေးဇူးတင်တဲ့ အနေနဲ့ ခွင့်လွှတ်လိုက်ပါတယ်။ တကယ်ကို ဘာမှ မသိလိုက်ရတာဗျာ။ လေဆိပ် ရောက်တော့ IOMက လာစောင့်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးကို မဖြတ်ခင် အခန်းတစ်ခန်းထဲ ခေါ်ဆောင်သွားပြီး စာရွက်စာတမ်းနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို သုံးနာရီကြာ ပြုလုပ်ပေးပြီးမှ လူဝင်မှုကြီးကြပ်ရေးမှာ တရားဝင်မှုရှိအောင် ပြုလုပ်ပေးပါတယ်။ အဲဒါတွေကို လုပ်ပေးနေချိန်မှာပဲ နောက်မိသားစု တစ်ခုမှာ ပြဿနာပေါ်ပြန်ပါလေရော။ အဲဒါကတော့ ကြာတဲ့ အချိန်ကြောင့် ကလေးငယ်လေးတွေက အဆာမခံနိုင်တော့ ပါလာတဲ့ (အမှန်က လေယာဉ်မှာ ပေးတဲ့) အချိုရည်ကို သောက်တဲ့အခါ မိခင်ဖြစ်သူက တားပါသေးတယ်။ ဒါပေမယ့် ဖခင်က ကိစ္စမရှိဘူး သောက်ပါစေ ဆိုပြီး ခွင့်ပြုတော့ ကျနော်တောင် အတော်လေး လေးစားသွားတယ်။ တယ်ဟုတ်ပါလား။ ဒီလူ အမေရိကန်နိုင်ငံရဲ့ ကလေးဥပဒေကို လေးစားတယ်ပေါ့။ ဒါပေမယ့် ရေရှည် မလေးစားနိုင်ပါဘူး။ ကလေးတွေ အချိုရည်ကို ကြမ်းပေါ် ဖိတ်လို့ IOM က တစ်ရှူးစနဲ့ သုတ်တဲ့ အချိန်မှာတော့ ဖခင်ဖြစ် သူက ကလေးငယ်ကို ဖျောင်းကနဲ ခေါင်းကို ရိုက် လိုက်ပါတော့တယ်။ ဒီအခါမှာ IOM က ပုဂ္ဂိုလ်က အကြီးအကျယ် စိတ်ဆိုးပြီး မင်းဘာလို့ ကလေးကို ဒီလိုရိုက်ရတာလဲ ဆိုပြီး မေးခွန်းထုတ်ပါတယ်။ နောက်ပြဿနာ တစ်ခုက အဲဒီလို နာမည်တွေကို ဂျပန်နိုင်ငံမှာကတည်းက အတိုကောက် လုပ်ထားခဲ့တာကို သူတို့တွေ မမှတ်ထားကြဘူး။ ဆိုတော့ I-94 ဖြည့်ပြီး နာမည်၊ ဓာတ်ပုံနဲ့တကွ လူစစ်တော့ ကိုယ့်နာမည်ခေါ်တာတောင် ပြန်မထူးနိုင်ဘူး။ သူတို့ အနေနဲ့ လေယူလေသိမ်းလွဲတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ဂရုစိုက် နားထောင်ပေးသင့်တာပေါ့။ ဆိုတော့ မကြာသင့်ဘဲ အချိန်တွေ သုံးနာရီကျော် ပိုကြာပြီး။ မလိုအပ်ဘဲ သူတို့ရဲ့ ဒေါသထွက်ခြင်းကို ခံယူရတယ်။ ဒါနဲ့ပဲ ကျနော်တို့ထဲက ဖီလာဒယ်လ် ဖီယားကို သွားမယ့်လူက လွဲရင် ကျန်သူတွေကို နယူးယောက်က တည်းခိုခန်းတစ်ခုမှာ ထားမယ်ဆိုတာ သိရတော့ ကျနော်လည်း ဟင်း ဆိုတဲ့ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီး ဒီတစ်ညတော့ စိတ်အေးလက်အေး နားရဦးမယ်ပေါ့။

လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းပြီး သကာလ။ လေဆိပ်အထွက်မှာ ကားစောင့်နေချိန်။ အစောက အရိုက်ခံရတဲ့ ကလေး မိသားစုက တစ်စခန်းထပြန်ပါ တော့တယ်။ အဲဒါကတော့ ပါလာတဲ့ စပျစ်သီးတွေ စားရင်း အခွံတွေကို ကြမ်းပေါ်ပစ်ချတော့ ကျနော်က ဒီမှာ အခုလို အမှိုက်ပစ်ရင် အင်မတန် ကြီးလေးတဲ့ ဒဏ်ငွေရိုက်တယ်။ ပြန်ကောက်ပြီး အမှိုက်ပုံးထဲပစ်ပေးဖို့ ပြောတော့ သိပ်မကျေနပ်ချင်ကြဘူး။ ဘာလို့လဲဗျာ။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်လေ။ ဒါနဲ့ ကျနော်လည်း စိတ်ပျက်ပြီး လေဆိပ်ပြင်ပထွက် အခြားသော ဆေးလိပ်သမားတွေနဲ့ ဆေးလိပ် ခဏထွက်သောက်တော့ အားပါးပါး။ အေးလိုက်တဲ့ ရာသီဥတု ဒဏ်ကို မိနစ်ပိုင်း အတွင်း မခံနိုင်ပဲ အမြန်ဆုံး ပြန်ဝင်ခဲ့ရတယ်။ ဒီနေရာမှာ ကျနော် တစ်ခု စဉ်းစားမိတာက ကံကောင်းလို့ နို့ဖိုး ယူနိုက်တက်မှာ ကျနော် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ပြင်ဆင်ခွင့်ရလိုက်တယ်။ ကျေးဇူးပါပဲ ESC. အဲဒီကျောင်းက အင်္ဂလိပ်စာ နားထောင်နိုင် စွမ်းရည် မြင့်မားဖို့အတွက် အင်္ဂလိပ် ဗွီဒီယိုကားတွေလည်း ပြသတယ်ဗျ။

မှတ်မှတ်ရရ Terminal ရုပ်ရှင်ကားကို ပြခဲ့ဖူးတယ်။ အဲဒီမှာ နာမည်ကြီး Tom Hanks မင်းသားက သရုပ်ဆောင်ထားတယ်။ အင်္ဂလိပ်စာ မတတ်တော့ နယူးယောက် လေဆိပ်မှာ ဒုက္ခအခက်အခဲ ကြုံရပုံကို ဗဟုသုတဖြစ်ဖွယ် ကားကောင်းလေး တစ်ခုပါပဲ။ အခု ကျနော်တို့ လူစုထဲမှာဆိုရင် အားလုံးပေါင်း (၃၃) ယောက်ရှိတယ်။ အဲဒီကျောင်းတက်ခဲ့တဲ့သူဆိုလို့ ကျနော်နဲ့ နောက် တစ်ယောက်ပဲ ရှိတယ်။ ဒါနဲ့ပဲ ကျနော်တို့ဟာ ကျန်တဲ့ သူတွေကို အဲဒီ ရုပ်ရှင်ကား အကြောင်းလေးကို အကျဉ်းချုပ် ရှင်းပြလိုက်သေးတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ အားလုံးကို ကျောင်းကြို ဘတ်စ်ကားနဲ့ ဟိုတယ်ကို ခေါ်လာပြန်ရော။ အဲဒီမှာ IOM ၀န်ထမ်း ပြန်ချိန် ရောက်တော့ ကျနော်ကလည်း မနက်ဖြန်မှ တွေ့မယ်လို့ လောကွတ်ချော်ပြီး နှုတ်ဆက်တော့ တော်ပြီ။ ငါမနက်ဖြန် မလာတော့ဘူး။ မင်းတို့ဆီ လာမယ့်အစား ငါ သေပဲ သေလိုက် ချင်တယ်လို့ ပြောလိုက်တဲ့ အချိန်မှာတော့ ကျနော့် ရင်ဘတ်ထဲ အတော် အောင့်သက်သက်ဖြစ်သွားတယ်။ ဒါ ကျနော်တို့ လူမျိုးတွေကို သက်သက် နှိမ်လိုက်တာပဲ။ တဖက်ကလည်း ဖြစ်သင့် ပါတယ်လေ။

တစ်ယောက် တစ်ပေါက်နဲ့။ ပြောမရ ဆိုမရ။ စေတနာ့ ၀န်ထမ်း ၀င်ကူတဲ့ လူရှိပြန်ရင်လည်း အကောင်းမမြင်တတ်ကြပြန်ဘူး။ ရှေ့ကလည်း မဦးဆောင်။ နောက်ကလည်း မလိုက်ပြန်။ အလယ်ကနေ ကန့်လန့်။ ကန့်လန့်နဲ့။ အချိန်ကုန်ပြီး အလုပ် မတွင်ဘူး။ ဒါနဲ့ပဲ နယူးယောက်လေဆိပ်နဲ့ သိပ်အလှမ်း မဝေးတဲ့ Westway Motel Inn ကို ရောက်ရပြန်ပြီပေါ့။ အဲဒီမှာ မိသားစု လူဦးရေအလိုက် အခန်းနဲ့ အစားအသောက်တွေကို စီစဉ်ပေးပါတယ်။ ဒီတခါ အခန်းသော့ဟာ သော့ချောင်း မဟုတ် တော့ပဲနဲ့ ကဒ်တွေနဲ့ ဖြစ်နေတယ်။ ဒါ့ကြောင့် ကျနော်က သူတို့ကို သေချာရှင်းပြပြီး ကျနော့်အခန်း နေရာရတဲ့အထိ စောင့်နေရတော့ သူတို့ကို အရင်သွားပြီး နားလိုက်တော့။ မနက်ဖြန် အစောကြီး ထရဦးမယ်။ ကဒ်ကို အခန်းပြင်ထွက်ရင် မမေ့စေနဲ့။ အစရှိသဖြင့် မှာပြီး လွှတ်ပေးလိုက်တယ်။ မိနစ်အတော်ကြာမှ ကျနော့် အခန်းသော့ ယူလာတဲ့အချိန်မှာ ကျနော် လှမ်းကြည့်တော့ သူတို့တွေဟာ အခန်းထဲ မ၀င်သေးဘဲ ငုတ်တုတ်လေးတွေ ထိုင်နေကြတယ်။ ကျနော်လည်း ၀င်လာရော ကလေးငယ် တချို့က သူတို့ မိဘတွေကို “ဟို အကို လာပြီ။ ဟို အကို လာပြီ” ဆိုပြီး ၀မ်းသာအားရ ပြောလိုက်ချိန်မှာတော့ ကျနော်လည်း အတော်လေး စိတ်မော သွားရတော့တယ်။ သူတို့ဘာဖြစ် နေကြသလဲဆိုရင် ကဒ်ထိုးပေမယ့် တံခါးဖွင့်မရခြင်းပါပဲ။ ကဒ်ကို ပြောင်းပြန်ထိုးတာလည်း ဖြစ်သလို။ ကဒ်ကို အဆုံးထိ မထိုးမိတာလည်း ဖြစ်နိုင်သလို။ ထိုးပြီး အောက်ခြေက မီးအလင်းကို မစောင့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ အခန်းအားလုံးကို ကျနော် လိုက်ဖွင့်ပေးပြီး။ အပြင်ထွက်ရင် အခန်းထဲ ကဒ်မချန်ခဲ့မိဖို့ အထပ်ထပ်။ အခါခါ မှာယူရပါတော့တယ်။ ခဏနေတော့ ကျနော့်အခန်းဟာ ဘန်ကောက်မှာလိုပဲ ဧည့်သည်တွေ ၀င်လာမဆဲ။ တသဲသဲ ဖြစ်နေရပြန်ပါတယ်။ ပထမဦးဆုံးကတော့ မီးခြစ် ပြဿနာပါ။ လေဆိပ်မှာ မီးခြစ် သယ်ဆောင်ခွင့်မရှိလို့ လွှင့်ပစ်ခဲ့တာဟာ အခုအချိန်မှာ ဆေးလိပ်သောက်ဖို့ အခက်အခဲကို ပြန်ဖြစ်စေပါတယ်။ ဟော်တယ် ကောင်တာမှာ သွားဝယ်တော့လည်း “မရောင်းပါ”တဲ့။ ဒါနဲ့ ကျနော်တို့ကို အဲဒီဟော်တယ်လိုက်ပို့ပေးတဲ့ ကားသမားက ကြင်နာမှုအပြည့်နဲ့ သူ့ရဲ့ မီးခြစ်တစ်လုံးကို ဒါနပြုပါတယ်။ ဒါနဲ့ပဲ အခန်းထဲက အိမ်သာမှာ စုပြီး ဆေးလိပ်သောက် မင်္ဂလာ ကျင်းပလိုက်ကြတယ်။ ကရင်အမျိုးသား တစ်ဦးကတော့ သူ့အခန်းထဲမှာ သူ့ဟာသူ တစ်ယောက်ထဲ သောက်ပါတယ်။ နောက်တနေ့ မနက်မှာတော့ ကျနော့်ဆီ အပြေးအလွှားရောက်လာပြီး “အကို။ ကျနော်တော့ မနေ့က အခန်းထဲမှာပဲ ဆေးလိပ် ခိုးသောက်တယ်။ ကျနော်က အကိုက မသောက်ပါနဲ့လို့ သတိပေးထားတဲ့ အဲဒီ ဘုလုံးကြီး အောက်မှာ ထိုင်သောက် မိတယ်။ ဆေးလိပ် တစ်လိပ်တောင် မကုန်သေးဘူး။ ကျနော့်ခေါင်းတွေ မူးလာပြီး မနိုင်တော့တာနဲ့ ဆေးလိပ် မီးသတ်ပြီး အိပ်ယာထဲသွားတာ ခြေတောင် မလှမ်းနိုင်တော့ဘူး။ အဲဒီ စက်ကြောင့်လား မသိဘူး” တဲ့။ ကျနော်လည်း ခေါင်းနပန်းကြီးသွားတယ်။ တော်သေးတာပေါ့။ အချက်ပေးသံ ထ မမြည်တာ။ အဲဒါက လူကို အန္တရာယ်တော့ မပေးဘူး။ အသံအော်ပြီး ဟော်တယ်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားစေနိုင်တဲ့ အပြင် ခင်ဗျားလည်း ဒဏ်တတ်ခံရနိုင်တယ်။ အဓိကက ခင်ဗျား အားနည်းနေလို့ ခေါင်းမူးတာပါလို့ ရှင်းပြလိုက်ရတယ်။ ဘုရား ဘုရား။ ပြောရင် ပြောတဲ့အတိုင်း လိုက်မလုပ်ပေမယ့် လုပ်တဲ့အတိုင်းတော့ ပြန်ပြောကြရှာပေသားပဲ။


ဇန်န၀ါရီလ (၃၀)ရက်။ ၂၀၀၉ ခုနှစ်

တကယ်ဆိုရင် ကျနော့် အေဂျင်စီ ဆီက အီးမေးလ် အရဆိုရင် ကျနော်ဟာ ကျနော် ကျရောက်တဲ့ ပြည်နယ်ကို ဇန်န၀ါရီ (၂၉) ရက် နေ့လယ် နှစ်နာရီ လေးဆယ် မိနစ်မှာ ရောက်ရမှာပါ။ သို့ပေမယ့် ဘယ်လို အကြောင်းကြောင့် အစီအစဉ်တွေ ပြောင်းသွားရသလဲ မသိဘူး။ အခု (၃၀)ရက် မနက်မှာတော့ သူတို့ပြောထားတဲ့ အချိန်ထက် စောပြီး နယူးယောက်လေဆိပ်ကို သွားဖို့ လာကြိုပြန်ပါပြီ။ ဒီတခါမှာတော့ ကျနော်တို့ သက်သက်မဟုတ်တော့ဘဲ အီရတ်ဒုက္ခသည်တွေပါ ပါနေပြန်တယ်။ မြန်မာတွေ ကံကောင်းခြင်းကို အစပြုတာပါပဲ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ အီရတ် ဒုက္ခသည်တွေဟာ အင်္ဂလိပ်စကားကို လုံးဝနီးပါး နားမလည်တဲ့အပြင် IOM ပြောဆိုနေချိန်မှာလည်း နားထောင်မှုမရှိဘဲ သူတို့အချင်းချင်း ပြောချင်ရာ ပြောနေကြပါတယ်။ သူတို့မှာ သာတာဆိုလို့ အကောင်းစား ခရီးဆောင်သေတ္တာ တစ်ယောက် နှစ်လုံးစီ ပါလာကြတယ်။ အော်။ ဒုက္ခ သုက္ခတွေထဲက ကိုယ့်ရဲ့ အ၀တ်အစားတွေ ပြည့်စုံအောင် သယ်ရတဲ့ ဒုက္ခလည်း မလွယ်ပါလားနော်။ ကျနော်တို့ အားလုံး နယူးယောက်ရဲ့ မနက်စောစော လေးနာရီလောက်မှာ အဲဒီ ဟော်တယ်ရှေ့မှာ လေဆိပ်ကို မသွားနိုင်သေးဘဲ တစ်နာရီကျော် အအေးထဲ ဒုက္ခရောက် နေရပါတော့တယ်။ အဲဒါကလည်း အီရတ်ဒုက္ခသည်တွေကြောင့်ပါ။ အီရတ်ဒုက္ခသည်တွေက ကျနော်တို့ မြန်မာဒုက္ခသည်နဲ့ ထိုင်ခုံ အတူမထိုင်ချင်လို့ ကားပေါ်မှာ ရစ်နေတာ IOM ၀န်ထမ်းပြောတာ ကြားရတော့မှ ကျနော် အတော်လေး ဒေါသထွက်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ IOM ၀န်ထမ်း စိတ်ဆိုးမာန်ဆိုး အော်ငေါက်တော့မှ သူတို့ အနည်းငယ် ငြိမ်ဆိတ်ပြီး ကား စတင် ထွက်ခွာဖို့ ဖြစ်လာပါတယ်။ လေဆိပ် ရောက်တယ်ဆိုရင်ပဲ ကျနော်တို့ အားလုံးရဲ့ မတူညီတဲ့ ခရီးစဉ်တွေကို IOM ၀န်ထမ်းက သူတစ်ဦးတည်း လိုက်လံ စီစဉ် ရပါတော့တယ်။ အဲဒီမှာ တွေ့ပါပြီ။ I-94 ကဒ်က ဘယ်လောက် အရေးကြီးသလဲဆိုတာ။ အီရတ် ဒုက္ခသည်တစ်ဦးက အဲဒီ ကဒ်ကို သူမရဘူးလို့ပြောတယ်။ IOM ၀န်ထမ်းက အဲဒီကဒ်မရှိဘဲ မနေ့က မင်း ဟိုတယ်မှာ တည်းခွင့်မရနိုင်ဘူးလို့ ဖြေတယ်။ အီရတ်ကလည်း သူ့ကို IOM ၀န်ထမ်းက မပေးဘူးလို့ ငြင်းတယ်။ ဒါနဲ့ IOM ၀န်ထမ်းက “မင်းမှာ အဲဒီကဒ် ရှိကို ရှိနေရမယ်။ မရှိရင် မင်းဟာ အမေရိကန်နိုင်ငံမှာ တရားဝင်မှုမရှိဘူး။ နောက်ဆက်သွားရမယ့် ခရီးစဉ်ကလည်း မင်း အတွက် မရှိတော့ဘူး” လို့ ဆိုပါတယ်။ ပြီးတာနဲ့ ကျနော်တို့ ဗမာဒုက္ခသည်တွေဖက် လှည့်ပြီး သူလုပ်ပေးစရာရှိတာတွေကို စီစဉ်တော့ “မင်းတို့က သူတို့ထက် ကောင်းပြီး။ တော်တယ်” လို့ ဆိုပါတယ်။ ခရီးစဉ်တလျှောက်လုံး စိတ်ပင်ပန်းခဲ့ရသမျှ ဒီစကားကို ကြားရတော့ တချို့က အရမ်းပျော် သွားတယ်။ အော်။ ကိုယ့်ထက် ညံ့တဲ့သူ ပေါ်လာမှ ကိုယ်က တော်တယ် ဆိုတာမျိုးဟာ တကယ်တော့ ကိုယ့်ထက် နိမ့်ကျတဲ့လူနဲ့ ယှဉ်ပြီးမှ ကိုယ်က မြင့်တာက ဂုဏ်တစ်ခုမှ မဟုတ်တာ။ ဒါနဲ့ပဲ IOM ၀န်ထမ်းက စီစဉ်ပေးတဲ့ လေယာဉ်လက်မှတ်ကို ကိုင်ဆောင်ပြီး ကိုယ်ဆက်ရမယ့် ခရီးစဉ်အတွက် ကိုယ့်ဟာကိုယ် ခရီးဆက်ရပါတော့တယ်။ အဲဒီမှာပဲ ကျနော်တို့ ဗမာဒုက္ခသည်တွေဟာ ကိုယ့်သက်ဆိုင်ရာ ပြည်တွင်း လေကြောင်းလိုင်းတွေဆီ သွားကြရင်း လူစုကွဲသွားပါပြီ။ ကျနော်ကတော့ ပြည်တွင်း လေကြောင်းလိုင်း ဖြစ်တဲ့ Taxes ပြည်နယ် Dallas ကို သွားရမယ့် လေယာဉ်ရှိရာဆီကို ဦးတည်လာရပါတယ်။ စစ်ဆေးရေးဂိတ်ကို ဖြတ်တော့ ထုံးစံအတိုင်း အေးလွန်းလို့ ၀တ်ထားရတဲ့ အနွေးထည်တွေ။ ဖိနပ်တွေကို ချွတ်ပြီး အစစ်ဆေးခံရပြန်ပါတယ်။ ဆိုးတာက နယူးယောက်ကနေ ကျနော် တကယ်သွားရမယ့် Houston လေယာဉ်ကို စီးရတာမျိုးမဟုတ်ဘဲ Dallas က တဆင့် Houstonကို သွားရတာပါ။ မနက် ၇း၅၅ မှာ Dallas ကို ထွက်ခွာရပါတယ်။ ကျနော့် ကံကောင်းချက် ကတော့ ပြည်တွင်းခရီးစဉ် လေကြောင်းလိုင်းတွေ အစားအသောက်တွေ အခမဲ့ မကျွေးတော့ဘူးဆိုတာကို သတင်းတွေအရ ကြိုသိထားခြင်းပါပဲ။

ဒါ့ကြောင့် လေယာဉ် မစီးခင်မှာ ပါလာတဲ့ ဒေါ်လာငွေ အနည်းငယ်ထဲက သရေစာ အချို့ဝယ်ပြီး မဒမ် သံဝေဂ နဲ့အတူ မျှဝေ စားသောက်ထားလိုက်ပါတယ်။ ထင်ထားတဲ့ အတိုင်းပါပဲ။ လေယာဉ်ပေါ်မှာ အအေးကလွဲရင် ဟမ်ဘာဂါတို့ ဘာတို့ဟာ ငွေပေးစားရတာပါ။ ဟမ်ဘာဂါတစ်ခုကို ၆ ဒေါ်လာ ကျပါတယ်။ အခြားသော မြန်မာ ဒုက္ခသည်တွေ ဘယ်လို ခရီးဆက်သလဲတော့ မသိပါဘူး။ ကျနော်တို့တော့ ရှိစု မဲ့စုလေးနဲ့ ခြစ်ကုတ် အဆင်ပြေအောင် စီစဉ် ရပါတော့တယ်။ Dallas ကို ရောက်ဖို့ လေးနာရီ နီးပါး လေယာဉ်စီးရပါတယ်။ လေယာဉ်ပေါ်ရောက်မီ Dallas က Houston ကို သွားရမယ့် လေယာဉ် လက်မှတ်ကို ရှာတော့မှ ကျနော့် ခေါင်းပေါ် မိုးကြိုးပစ်ချ လိုက်သလို ခံစားလိုက်ရပါတော့တယ်။ IOM ၀န်ထမ်းက ကျနော်တို့ကို ထည့်ပေးလိုက်ဖို့ မေ့သွားတာပဲလား။ ဒါမှမဟုတ် စစ်ဆေးရေးဂိတ်တွေမှာ အနွေးထည်တွေ ချွတ်ရင်း ကျပျောက်သွားသလား စဉ်းစားမရလောက်အောင်ပါပဲ။ သေချာတာကတော့ ကျနော်နဲ့ ဇနီးသည် နှစ်ယောက်စလုံး အစစ အရာရာ ဂရုတစိုက်ရှိခဲ့ကြပါတယ်။

ဒါနဲ့ပဲ လေယာဉ်မယ်ကို အကူအညီတောင်း မေးမြန်းစုံစမ်းရပါတော့တယ်။ လေယာဉ်မယ်က Dallas ကို ရောက်ရင် Counter မှာ သွားပြီး လေယာဉ် လက်မှတ် ထုတ်ယူလို့ရနိုင်ကြောင်းနဲ့ လေယာဉ်မောင်းဆီ အကြောင်းကြားပြီး Houstonကို သွားမယ့် လေယာဉ်ချိန်နဲ့ ဂိတ်နံပါတ်ကို စုံစမ်းပေးပါသေးတယ်။ တော်သေးတာပေါ့ဗျာ။ Dallas ရောက်တာနဲ့Sky Train စီးပြီး Counter ကို ပြေး။ လက်မှတ်ကိစ္စ လှုပ်ရှား။ လက်မှတ်ရမှ Houston ကို သွားမယ့် လေယာဉ်ကို တစ်နာရီခွဲ ကြာကြာ စောင့်ပြီးမှ ဆက်စီးလာရ ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်။ မနေ့ညက နောက်ဆုံးစားထားတဲ့ ညစာ ထမင်းကလွဲရင် ကျနော်တို့ ဗိုက်ထဲမှာ အစာပြေစားထားတဲ့ မုန့်ပဲ ရှိတော့ Houstonကို ရောက်တာနဲ့ ဗိုက်က အတော်လေးကို ဆာနေပါပြီ။ ကံကောင်းတော့ ကျနော်တို့ လေဆိပ်ရောက်ရောက်ချင်း Agencyက လာကြိုတာကို ကျေးဇူးတင်စွာ တွေ့လိုက် ရပါတယ်။ အဲဒါတောင် သူကြိုတဲ့ နေရာအထိ ကျနော်တို့ မေးမြန်းသွားရတာပါ။ ခရီးစဉ် တလျှောက်လုံး စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းလာခဲ့သမျှ အခုတော့ သက်ပြင်းအမောကြီးကို စိတ်ချလက်ချ ခပ်ရှည်ရှည်ချရပါတော့တယ်။ လမ်းမှာ သူ့ကားကို စီးရင်း စကားတပြောပြောနဲ့ Houston မြို့ကြီးဟာ အမေရိကန်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ ဖြစ်တဲ့အကြောင်း။ အရင်က ရေနံလုပ်ငန်းဟာ သူတို့ရဲ့ အဓိက လုပ်ငန်းဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မုန်တိုင်းကြောင့် စီးပွားရေးထိခိုက်မှုကို ကြုံတွေ့ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီ ရေနံလုပ်ငန်း အပြင် နောက်ထပ် စက်ရုံ။ အလုပ်ရုံလုပ်ငန်းတွေကိုလည်း ထားရှိခဲ့ကြောင်း။ နာမည်ကြီး ဆေးရုံပေါင်း (၃၀) ရှိကြောင်းနဲ့ အထူးသဖြင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ကုသမှုမှာ ကမ္ဘာက စိတ်ဝင်စားခြင်း အခံရဆုံးနဲ့ ကမ္ဘာ့နေရာအနှံ့က လူနာပေါင်း မြောက်များစွာကို ကုသပေးနေကြောင်းရှင်းလင်း ပြောဆိုပါတယ်။

နောက်ပြီး ကျနော်တို့ကို ရုံးခန်း ခေါ်လာပြီး Director နဲ့ မိတ်ဆက်ပေးရင်း ကျနော်တို့ အတွက် ဟမ်ဘာဂါ အပြေးအလွှားဝယ်ပြီး စားစေပါတယ်။ Director နဲ့ စကားစမြည် အနည်းငယ်ပြောဆိုပြီး ကျနော်တို့အတွက် စီစဉ်ထားတဲ့ အိမ်ကို ပို့ဆောင်ပေးပါတယ်။ အိမ်ရောက်တဲ့အချိန်မှာတော့ ကျနော်တို့ ဇနီးမောင်နှံဟာ အလွန်မတန်မှ ပင်ပန်းနေခဲ့ပါပြီ။ ဘာဆို ဘာမှ လုပ်ကိုင်ချင်စိတ်ကို မရှိတော့ပါဘူး။ စဉ်းစားကြည့်လေဗျာ။ လေးည ငါးရက် ခရီးစဉ် တလျှောက်လုံးကို နားချိန်ဆိုလို့ အချိန်ခဏလေးပဲ ရခဲ့ကြတာ မဟုတ်လား။ ခြေပစ် လက်ပစ်ကို နားဖို့လိုအပ်လာတဲ့ အတွက် ခပ်စောစောပဲ အိပ်ယာဝင်ခဲ့ကြပါတယ်။

အားလုံးချမ်းမြေ့ကြပါစေ။

ကိုသံဝေဂ

0 comments:

Post a Comment